မက်ဆီနဲ့ရော်နယ်ဒိုတို့ရဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲက ဖြစ်နိုင်သေးကြောင်း မော်ရင်ညို ဖွင့်ဟ

မက်ဆီနဲ့ရော်နယ်ဒိုတို့ရဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲက ဖြစ်နိုင်သေးကြောင်း မော်ရင်ညို ဖွင့်ဟ

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုတို့ဟာ ကစားသမားဘ၀နေ၀င်ချိန်ရောက်လာဖို့ နီးစပ်နေပြီဖြစ်ပေမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ သူတို့နှစ်ယောက်ရဲ့အားပြိုင်မှုကို မြင်တွေ့ရနိုင်သေးကြောင်း ယူနိုက်တက်နည်းပြဟောင်း ဟိုဆေးမော်ရင်ညိုက ပြောကြားလိုက်ပါတယ်။ လက်ရှိကမ္ဘာ့ဘောလုံးလောကရဲ့အကောင်းဆုံးကစားသမားတွေအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ ချန်ပီယံလိဂ်ဖလားအများအပြားရရှိထားပေမယ့် ဗိုလ်လုပွဲမှာတော့ ပြိုင်ဘက်တွေအဖြစ် တစ်ခါမှရင်ဆိုင်ဖူးခြင်းမရှိသေးပါဘူး။

ဘာစီလိုနာနဲ့ဂျူဗင်တပ်စ်တို့ဟာ ဒီရာသီချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့ ရေပန်းစားခဲ့ပြီး ကွာတားဖိုင်နယ်ကနေ ဗိုလ်လုပွဲအထိလမ်းကြောင်းသတ်မှတ်ထားမှုအရ ဒီနှစ်သင်း ဗိုလ်လုပွဲမှာ တွေ့ဆုံနိုင်ခဲ့ပေမယ့် ဂျူဗင်တပ်စ်က ကွာတားအဆင့်မှာပဲ အေဂျက်စ်ကို ရှုံးနိမ့်သွားခဲ့သလို ဘာစီလိုနာကလည်း ဆီမီးဖိုင်နယ်မှာ လီဗာပူးရဲ့အံ့အားသင့်ဖွယ်ကျော်ဖြတ်ခြင်းခံခဲ့ရပါတယ်။


မက်ဆီက အသက် ၃၂နှစ်ပြည့်တော့မှာဖြစ်သလို ရော်နယ်ဒိုကလည်း အသက် ၃၄နှစ်ရှိနေပြီဖြစ်လို့ မော်ရင်ညိုက သူတို့နှစ်ဦး ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မတွေ့ဆုံရသေးတာကို စိတ်ပျက်နေပေမယ့် အကောင်းဘက်က ကြည့်မယ်ဆိုရင်လည်း သူတို့နှစ်ယောက်ဘယ်သူပိုကောင်းကြောင်း ငြင်းကြခုန်ကြရာမှာအဲဒီလိုပွဲကြီးပွဲကောင်းက အဓိကနေရာကနေမပါဝင်သေးတာ တစ်မျိုးကောင်းကြောင်းး ဆိုပါတယ်။

”ဘောလုံးအားကစားနည်းကို ကြိုက်နှစ်သက်သူတွေအနေနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မက်ဆီနဲ့ရော်နယ်ဒိုတို့ကို ပြိုင်ဘက်တွေအဖြစ် မမြင်တွေ့ရသေးတာက စိတ်ပျက်စရာပါပဲ။ ဖြစ်နိုင်ခြေရှိတာတွေက မကြာခဏထွက်ပေါ်ခဲ့ပေမယ့် တစ်ခါမှတော့ ဖြစ်မလာသေးပါဘူး။

သူတို့နှစ်ယောက်အတွက် လုံးဝတရားမမျှတဘူးလို့လည်း အမြဲတွေးမိပါတယ်။ တစ်ဘက်ကကြည့်ရင်လည်း အဲဒီလိုတွေ့ဆုံဖြစ်လို့ တစ်ယောက်ယောက်က ရှုံးသွားရင် အတော်လေးအထိနာနိုင်လို့ ဖြစ်မလာတာကလည်း တစ်မျိုးတော့ကောင်းပါတယ်”


”သူတို့နှစ်ယောက်ရဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲကတော့ ဖြစ်နိုင်သေးပါတယ်။ သူတို့ကိုယ်စားပြုနေတဲ့အသင်းတွေကလည်း ချန်ပီယံလိဂ်ဖလားရဖို့ အတော်လေးဆန္ဒပြင်းပြနေပါတယ်။ သူတို့ကလည်း ချန်ပီယံလိဂ်ဖလားလိုချင်ပါတယ်။ ဖြစ်နိုင်ခြေရှိပါတယ်”လို့ မော်ရင်ညိုက ပြောကြားခဲ့ပါတယ်။

Credit:90minutes

 

Be the first to comment on "မက်ဆီနဲ့ရော်နယ်ဒိုတို့ရဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲက ဖြစ်နိုင်သေးကြောင်း မော်ရင်ညို ဖွင့်ဟ"

Leave a comment

Your email address will not be published.


*